မဟာကံကြီးသျှင်ဘုရား
ကျောက်တော်မြို့၊ ရခိုင်ပြည်နယ်
(အမြင့် ဥာဏ်တော် ၇၂ ပေ)
ကျောက်တော်မြို့အ၀င် ကစ္ဆပသီရိ အဝေးပြေးကားဂိတ်မှသော်လည်းကောင်း၊ ရန်ကုန်-စစ်တွေ ကားလမ်း ကစ္ဆပနဒီ တံတားမှ ဆင်းလာပြီး ကျောက်တော်မြို့သို့ အ၀င်လမ်းအတိုင်း ၀င်လာလျှင်သော်လည်းကောင်း၊ မြို့ဝင်လမ်း အနောက်ဘက်ကျောက်တော် ရထားဘူတာရုံသို့ မရောက်မီ အလျား ပေ (၃၀၀)၊ အနံ ပေ (၃၀၀) ရှိသော ၀တ္တကသာသနာ့မြေကွက်ကြီးပေါ်တွင် “မဟာကံကြီးသျှင်ဘုရား” ရုပ်ပွားတော်မြတ်ကြီးအား ထီးထီးမားမား သပ္ပါယ်စွာဖြင့် အံ့သြမဆုံး ရှုမျှော်မ၀နိုင်အောင် ဖူးတွေ့ကြရပါလိမ့်မည်။
ဤမဟာကံကြီးသျှင်ဘုရားကြီးကို ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတမှ ဦးဆောင်စီစဉ်တော်မူလျက် ကျောက်တော်မြို့ရှိ ဆရာတော်ကြီး၏ တပည့်တကာများနှင့် ရပ်နီးရပ်ဝေး၊ ပြည်တွင်း/ ပြည်ပ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းသော န၀ကမ္မအလှူတော်ငွေများဖြင့် တည်ဆောက် ပူဇော်ထားရှိခြင်းဖြစ်ပါသည်။
ဘုရားကြီး၏ အောက်ခြေဂန္ဓကုဋီတိုက် ပတ်လည်ကို ကျောက်သား၊ ကျောက်တုံး၊ အင်္ဂတေများဖြင့် ရှေးဟောင်းလက်ရာများ ဖေါ်ညွန်းလျက် ထွင်းထုကာ တည်ထားပါသည်။
စတင်တည်ဆောက်သည့်နေ့ - ၃၀-၁၁-၂၀၀၈
ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနား ကျင်းပသည့်နေ့ - ၂၉-၁၂-၂၀၁၃
ဘုရားကြီးဘွဲ့တော်အမည် - မဟာကံကြီးသျှင်ဘုရားကြီး
မုဒြာ - ထိုင်တော်မူ ဘူမိဖဿမုဒြာ
ဥာဏ်တော်အမြင့် - ၅၄’
စံမ္မခဏ်နှင့် ပလ္လင်အမြင့် - ၄’
အောက်ခြေ ဂန္ဓကုဋီတိုက်အမြင့် - ၁၄’
ဂန္ဓကုဋီတိုက် အလျား + အနံ - ၆၀’ x ၄၀’
ယနေ့အထိ စုစုပေါင်း ကုန်ကျငွေ - မြန်မာငွေ ကျပ်သိန်းပေါင်း တစ်သောင်းကျော်
အထက်၌ စတီးဝရံတာကာရံထားရှိပြီး မဟာကံကြီးသျှင်ဘုရား ဂန္ဓကုဋီတိုက် ပလ္လင်အောက် အရှေ့ဘက်တွင် မုခ် (၄)ခု၊ တောင်ဘက်တွင် မုခ်(၃)ခု၊ အနောက်ဘက်တွင် မုခ်(၃)ခုနှင့် မြောက်ဘက်တွင် မုခ်(၃)ခုတို့ဖြင့် တည်ဆောက်ထားပါသည်။ အရှေ့ဘက်ဝင်ပေါက် (၂)ခု၊ တောင်ဘက် ၀င်ပေါက် (၁)ခု၊ အနောက်ဘက် ၀င်ပေါက် (၁)ခု၊ မြောက်ဘက် ၀င်ပေါက် (၁)ခု ထားရှိပါသည်။ ကျန်မုခ်တစ်ခုစီတွင် ဥာဏ်တော်အမြင့် (၆) ပေ၊ ပလ္လင်အမြင့် (၃) ပေ ရှိ ဘူမိဖဿမုဒြာဘုရား (၈)ပါးဖြင့် တည်ထားပါသည်။ အပေါ်သို့တက်ရောက်ဖူးမြော်နိုင်ရန် အနောက်ဘက်မှ လှေကား(၁)ခု ပြုလုပ်ထားရှိပါသည်။ ဘုရားကြီးအောက်ဘက်ရှိ ဂန္ဓကုဋီတိုက်၌ သန့်ရှင်းသပ်ရပ်စွာ တရားဘာဝနာပွားများနိုင်ရန်နှင့် အခမ်းအနားများ ကျင်းပနိုင်ရန် ကြွေပြားများခင်းထားပါသည်။ ဂန္ဓကုဋီတိုက် ထောင့် ၄ ထောင့်တွင် အရွယ်တူ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါး ထားရှိပါသည်။
ဘုရားကြီးအလယ်တည့်တည့်တွင် အမြင့်ဥာဏ်တော် (၆)ပေ၊ ပလ္လင်ခုံ (၃)ပေရှိ ရွှေထီးဆောင်းထားသော မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ကြီး ကြေးရုပ်တုတစ်ခု ပြုလုပ်ထားပါရှိပါသည်။
ဘုရားကြီး၏ မြောက်ဘက်တွင် မင်္ဂလာရာမသိမ်တော်ကို အလျား (၁၈)ပေ၊ အနံ (၁၈)ပေ၊ အမြင့် (၁၂) ပေ၊ ဘုံပြဿဒ် (၃) ဆင့်ဖြင့် ဆောက်လုပ်ထားပါသည်။ မင်္ဂလာရာမသိမ်တော်အတွင်း၌ ဘူမိဖဿမုဒြာဘုရားကို ဥာဏ်တော်အမြင့် (၉)ပေ ဖြင့်ပူဇော်ထားပါသည်။
ထို့အတူ ဘုရားကြီး၏ အရှေ့မြောက်ဘက်တွင်လည်း အလျား ပေ(၁၃၀)၊ အနံပေ (၇၀)၊ အမြင့် (၁၄)ပေရှိ သီရိပ၀ရ မဟာအတုလသိမ်တော်ကြီးတစ်ဆောင်ကိုလည်း ဆောက်လုပ်ထားရှိပါသည်။
ဘုရားကြီး၏ တောင်ဘက်တွင် ဘုရားဖူးများ၊ ခရီးသွားများ နားနေတည်းခိုနိုင်ရန်နှင့် တရားအားထုတ်သော ယောဂီများ အတွက် အလျား ပေ(၉၀)၊ အနံ ပေ(၃၀)၊ အမြင့် ပေ(၂၀)ရှိသော ယောဂီ (၂)ထပ်ဆောင်တစ်ဆောင် ဆောက်လုပ်ထားရှိပါသည်။
ဘုရားကြီးအရှေ့ဘက် အ၀င်ဝ မုခ်ကြီးတွင် ၀င်ပေါက်(၂)ပေါက်ပါရှိပြီး၊ အမြင့် (၁၄)ပေ၊ အကျယ် (၁၂)ပေရှိ ၀င်ဝမုခ် တစ်ဘက်တစ်ချက်တွင် အမြင့် ဥာဏ်တော်(၁၅)ပေရှိ အာဠာဝကဘီလူးရုပ်ကြီးနှင့် ပုဏ္ဏကဘီလူးရုပ်တုကြီးရှိ ကျောက်ဆစ်လက်ရာဖြင့် သေသပ်လှပစွာ ထွင်းထုထားပါသည်။ မုခ်ဝတိုင်အလယ်တွင် အမြင့်ဥာဏ်တော် (၁၄)ပေရှိ သိကြားမင်းရုပ်တုကြီးကိုလည်း ကျောက်ဆစ်လက်ရာဖြင့် သေသပ်စွာ အဏုစိတ်ပုံဖော်ထားပါသည်။
ဘုန်းတန်ခိုးကြီးမားသော ဤမဟာကံကြီးသျှင်ဘုရားကြီးအား အခါအခွင့်သင့်က လာရောက်ကြည်ညိုဖူးမြော်ကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
Saturday, June 25, 2016
New
မဟာကံကြီးသျှင်ဘုရား ကျောက်တော်မြို့၊ ရခိုင်ပြည်နယ် (အမြင့် ဥာဏ်တော် ၇၂ ပေ)
About Unknown
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.







